တန်ဖိုး နှင့် အသုံးဝင်မှု
ကျနော် ခရီးဝေးသွားရင် လက်ဝှေ့ပွဲမှာအထိုးခံရသလိုမျိုး ထောင့်ပျောက်ပျောက်သွားတတ်တယ်။ ဘုရားတစ်ဆူရောက်တိုင်း ဂြိုလ်ပြေနာမ်ပြေဘုရားကိုသွားရတယ်။ ဒါမွ အရပ်မျက်နှာတွေပြေလည်တယ်။ ဆင်ဖြူရုပ်ကတောင်အရပ် ပူးရုပ်ကမြောက်အရပ် အဲသလိုမှတ်သားထားရတယ်။ ဘုရားရောက်ရင်တော့ မေးစရာမလိုဘူး။ ပြေလည်သွားပါတယ်။ ဒီလိုမျက်စေ့လည် လမ်းပျောက်တတ်လွန်းတဲ့ကျနော်ဟာ အတွေးတစ်စ ဝင်လာခဲ့ပါတယ်ဗျာ။
အခြားမြို့ရွာမှာ မျက်စေ့လည် လမ်းမသိတော့ဘူးဆိုရင် ကျနော်တို့ခင်ဗျားတို့ဘယ်သူ့ကို မေးရမလဲ။ လွယ်လွယ်တွေ့တဲ့ဆိုက်ကားသမား မြင်းလှည်းသမား ဒါမှမဟုတ် ကွမ်းယာသည်ကို မေးရမှာပေါ့နော။ ခင်ဗျားက ဆရာကြီးတစ်ယောက်ဆိုပါတော့ ဒီအချိန်မွာ ငါကဆရာတစ်ဆူပဲ သာမန်လူတွေနဲ့စကားမပြောချင်ဘူး။ မေးရမှာ အောက်တန်းကျတယ်လို့များ တွေးမိသလားဗျာ။ ငါဟာပညာရှင်ဖြစ်တယ် ဒါကြောင့် ပညာရှင်ဖြစ်တဲ့ ဆော့ခရိတ္တ အိုင်းစတိုင်းတို့မှပဲ လမ်းပျောက်တာကိုမေးတော့မယ်လို့ တွေးမိသလားဗျာ။ ဆော့ခရိတ္တ အိုင်းစတိုင်းတို့ အတွေးအခေါ်က တော်လည်းတော် ကောင်းလည်းကောင်းမွာပါ။ ဒါပေမယ့် ကိုယ်မရောက်ဖူးတဲ့အရပ်ဒေသမှာ လက်ရှိနေထိုင်တဲ့ ဆိုက္ကားဆရာ မြင်းလှည်းဆရာ ကွမ်းယာသည်လိုတော့ လမ်းကျွမ်းမွာ မဟုတ်ပါဘူး။ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ပြည်သူထဲကပြည်သူမို့ အစိုးရကိုအကူအညီတောင်းခွင့်ရှိတယ်ဆိုပြီး သမတကြီးဆီကိုဖုန်းဆက်မေးဖို့များ စိတ်ကူးရသလားဗ်ာ။ ဒီလိုသေးနှုပ်တဲ့အလုပ်မျိုးကို ရင်ဝယ်သားလိုပြည်သူကိုချစ်ရှာတဲ့သမတကလည်း အလုပ်တွေများနေလို့ ဖြေရှင်းပေးလိုမှာ မဟုတ်ပါဘူး။
တွေးကြည့်ပါဗျာ။ ဆော့ခရိတ္တ အိုင်းစတိုင်းတန်ဖိုးရှိပါတယ်။ ကျေးဇူးများပါတယ်။ သမတကြီးလည်း တန်ဖိုးကြီးပါတယ်။ ကျေးဇူးများပါတယ်။ ဒါပေမယ့် သူ့နေရာနဲ့သူ အသုံးဝင်ဆံ့တာပါ။ လတ်တလော လမ်းပျောက်နေတဲ့အခါ လမ်းဘေးကဆိုက္ကားသမားကသာ လမ်းညွှန်ပေးနိုင်တာ။ ဒါကြောင့်မို့ တန်ဘိုးဘယ်လောက်ကြီးတယ်ဆိုတာထက် ဘယ်လောက်အသုံးဝင်တယ်ဆိုတာကို ကာလ ဒေသ ပယောဂအလိုက် ချင့်ချိန်သုံးသပ်ရပါမယ်။ သွားနေတဲ့လမ်း ရောက်သင့်တဲ့အချိန်ရောက်ဖို့ ဘယ်သူကူညီနိုင်တယ်ဆိုတာ ဉာဏ်နဲ့ဆင်ခြင်ပြီး မိမိတို့ရဲ့ပညာတတ်ယောင်ယောင်ဖြစ်နေတဲ့ မာနကလေးများလျော့ချလို့ ၂၀၁၄မှသည် ၂၀၁၅ဆီသို့ အောင်မြင်မှုများစွာနဲ့ အရောက်လှမ်းနိုင်ကြပါစေဗျာ။
ခရစ်နှစ်သစ်အတွက်အကြို