မိစ္ဆာနဲ့လွန်ဆွဲတဲ့ လိပ်ပြာ
ရှိမှု
သိမှု
ဆင်ခြင်မှုနဲ့
ခရုပတ်ထဲက ကြယ်တစ်စင်း
ဖန်ဆင်းတဲ့လက်
အဲဒါ ငါ့လက်ပေါ့
ငါ့လက်ထဲက ဘဝ
ဂမ္ဘီရ ကျိန်စာ
ပျော်စရာ မွှေနှောက်တော့
တောရောက် တောင်ရောက်
အူချာပေါက်တဲ့ ဘဝ
မတော်တဆတွေဖြစ်
မတော်တဆတဲ့
သဘာဝရဲ့ အရွေးခံ
အနာဂတ် ဒီအန်အေဟာ
ပျော်စရာအသစ် မျှော်စရာအသစ်
စည်းကမ်းအသစ် နည်းလမ်းအသစ်
လူအသစ် မူအသစ်နဲ့
ကော့စမစ်ထဲက ငါ
သဘာဝ ငါ
ဆင့်ကဲ ငါ
ထာဝရ ငါ ဖြစ်လာဖို့
စကြာဝဠာအသစ်ကို ထုဆစ်
အသစ်တွေအတွက်
အဟောင်းတွေ ဖျက်ကြ
အဟောင်းဟာ ကောင်းဖို့မလို
အဟောင်းဟာ ဟောင်းဖို့လိုတယ်
စောင်းကြိုးပြတ်တဲ့ လောက
မောဟကို မောဟဖုံးနိုင်မှ
လောဘကို လောဘတက်နိုင်မှ
အသက်ဆက်ရမယ့် ငါ
သညာတွေ အဆိပ်တက်
အိပ်မက်ထဲ ခုန်ချ
စာဂတွေ ခိုးယူကြ
မေတ္တာတွေ ကားစင်တင်ကြ
ဆင်ခြင်မှုဘဝထဲက ငါ
ကမ္ဘာဦးဟင်းချိုထဲက ငါ
အိပ်မက်ထဲ အဆိပ်တက်နေတဲ့
မတော်တဆ ငါ
မျက်တောင်တစ်ချက် ခတ်ဖို့
သကြား လိုမယ်၊ အောက်ဆီဂျင် လိုမယ်
မတ်မတ်ရပ်ဖို့
သကြား လိုမယ်၊ အောက်ဆီဂျင် လိုမယ်
ခရီးသွားဖို့
သကြား လိုမယ်၊ အောက်ဆီဂျင် လိုမယ်
ငါ ပျော်ရွှင်ဖို့
နားတွေ မျက်လုံးတွေ ဖောက်ထုတ်ကြ
အဆုံးမရှိ ခရီးဆက်ဖို့
လက်တွေခြေတွေ ဖြတ်တောက်ကြ
ကလုန်းတွေ မွေးဖွားဖို့
ဦးဏှောက်နဲ့နှလုံးသားကို အဆက်ဖြတ်ကြ
မနုဿဓမ္မ မသိ
မနုဿဓမ္မ မရှိတဲ့
ဒုဿီလနဲ့အလဇ္ဇီတွေ
ငတေရဲ့ဝါဒနဲ့
အစွယ်တွေ သွေးကြ
လက်သည်းတွေ သွေးကြ
ငါ အသက်ဆက်ဖို့ဆိုရင်
သစ်ပင်တွေခုတ်လှဲပြီး
ကမ္ဘာကြီးကို ထုခွဲရမယ်
ဂြိုလ်ပြာပြာဟာ
လူသတ္တဝါကို ထမ်းပိုးထားရတဲ့ဒုက္ခ
အခိုးပိတ် အဖျားထက်
စည်းချက်က အသစ်
နိယာမက အသစ်
အသစ်တွေနဲ့ ခရီးဆက်
ပြိုပျက်မယ့် ကမ္ဘာ
နတ်မိစ္ဆာ မဆုတ်ဖြဲခင်
ငါတို့ ဆုတ်ဖြဲလိုက်ကြပေါ့
အဇဋာကာသမှာ
စကြာဝဠာ ဝတ္ထုတွေ
ကိုယ့်ဘဝကိုယ်သိ
ကိုယ့်နေရာကိုယ်သိ
ကိုယ့်နေရာမှာ ရှိကြဖို့
ဘဝဟာ တိုက်ပွဲမဟုတ်သလို
ရုန်းကန်ခြင်းဟာ ဘဝမဟုတ်
သဲတစ်ပွင့် ပန်းတစ်ပွင့်ဟာ
တာဝန်ကိုသိ တာဝန်ကျေတတ်မှ
ဝတ္တရားကိုသိ ဝတ္တရားကျေတတ်မှ
ဘဝဟာ တာဝန်
တာဝန်ဟာ ဘဝပေါ့
တာဝန်ပျက်တဲ့ ဘဝ
ဝတ္တရားလည်း ပျက်သမို့
လောကကြီးလည်း ပျက်ချေပေါ့။
တွင်းနက်ရဲ့ အချက်ပြမှာ
ထာဝရ မသေရာနဲ့
အမတ ဒေဝတာရဲ့
ကော့စမစ်စာဝှက်
ငါ့အိပ်မက်မှာ မက်ခဲ့
အသက်ဇီဝ ပဓာနဟာ
သဘာဝလား ဝါဒလား
ဂြိုလ်ပြာပြာ မချုပ်ငြိမ်းခင်
ငါတို့ အမှန်ကိုရင်ဆိုင်ရမယ်
တြိလောကဆိုတာ
ဇီဝကမ္မရဲ့လက်ရာ
ငါ့အသက် ဆက်ဖို့ထက်
ကလုန်းတွေ ပွားဖို့ထက်
ချိုးငှက်တေးသံ နာခံရမယ်
ဇီဝကမ္မယူနစ်ဟာ
သူ့ကိုသူ ထုဆစ်
လောကကို ထုဆစ်
ပြီးတော့ စကြာဝဠာကို ထုဆစ်
ဇီဝကမ္မယူနစ်ဟာ
မင်းသားဖြစ်လိုက် ဘီလူးဖြစ်လိုက်
သူရူးဖြစ်လိုက် သူတော်ဖြစ်လိုက်
အမိုက်ကြီး~၅မျိုး
အရိုး ဖြစ်နေသမျှ
ကမ္မ မသိ၊ သက္ကာယ မသိ
ပစ္စယ မသိ၊ လက္ခဏ မသိ
မဂ္ဂ မသိ၊ နိဗ္ဗာန မသိ
မသိ၊ မသိ၊ --မသိ၊ မသိ--
မရှိထက် မသိခက်သတဲ့
မသိတဲ့ အမှန်ရှာ
ဖြစ်တန်ရာ အိပ်မက်နဲ့
အဆိပ်တက်တဲ့ ငါ
အရောင်တွေ ချိန်ညှိရင်း
အစင်းတွေ ဗွက်ပေါက်
အပျောက်အစက်တွေ တရွရွ
တောရိုင်းဝါဒနှင့်လူ
အဖြူက အဖြူကို ကျိန်ဆဲ
အမည်းက အမည်းကို ကျိန်ဆဲ
အတွေးနဲ့ ဥပဒေလုပ်
စာအုပ်ကွက်နဲ့မေတ္တာ
အစာကွင်းဆက်ရဲ့အကျိုး
အမျိုးလည်းအစာမို့
ဟင်္သာတို့ ဘဝ
မှတပါး အခြားမရှိတော့
ရထားတော့ ရထား
အိုင်းစတိုင်းရဲ့ရထား
ပါပါရာဇီတွေရဲ့ရထား
စကားလုံးတွေ ထုံးသုတ်ထားတဲ့ရထား
ဗြုန်းဆို အာဏာတွေဖြစ်သွား
ဒေါ်လာတွေဖြစ်သွား
ပလီပလာတွေတောင်
ဝစီသစ္စာတွေဖြစ်သွား
သစ္စာမရှိတဲ့ရထား
သစ္စားပျက်တဲ့ရထား
ခွက်မှောက်ထားတဲ့ရထား
ခွက်ပျောက်သွားတဲ့ရထား
သမ္ပတ္တိတွေ ပျောက်
ဝိပ္ပတ္တိတွေ ရောက်
ကြယ်ဖြူပုတွေ ပေါက်ကွဲ
ကြယ်ဖြူပုတွေ အေးခဲ
ခရုပတ်ကြီးလည်း ဟန်မကျ
နေမင်းကြီးလည်း ဟန်မကျ
ပြန်မရတော့တဲ့ကမ္ဘာ
နာရီတစ်လုံးနဲ့ ဟန်ကျနေတဲ့ကမ္ဘာ
ဘဲဥတစ်လုံးနဲ့ လမ်းသလားနေတဲ့ကမ္ဘာ
အဲဒီကမ္ဘာမှာ
လာနီညာတွေဖြစ်
လာနီညိုတွေဖြစ်
နာရီက အသစ်
ဘဲဥက အသစ်
တစစ်စစ်ကိုက်ခဲပေါ့
ဖြစ်လိုက်ပျက်လိုက် လောက
ပပဉ္စနဲ့ အသိုက်ဆောက်
ပဋိစ္စတွေ ပျောက်
အဓိစ္စတွေ ရောက်
ကျောက်ခဲကို ဆီနွှာ
ဂါထာတွေ အလိုကျ
ဘဝကို မန်းမှုတ်
အမယ်ဘုတ်ရဲ့ချည်ခင်
ကောင်းကင်ကြီးကို သိမ်းပိုက်ကြ
အမှိုက်တွေကို မီးညှိကြ
နိယတမိစ္ဆာ
အိပ်ယာထ မျက်နှာသစ်
အမှိုက်က အသစ်
ကောင်းကင်က အသစ်
အမှိုက်နဲ့ ကောင်းကင်
ကောင်းကင်နဲ့ အမှိုက်
စရိုက်က ညစ်ညမ်း
ဇာတ်လမ်းက ချစ်ကွဲညား
မဲပြားလည်း မတတ်သာ
မြေစာတွေ အမြစ်ပြုတ်
အရှုပ်ထုပ် ခိုးယူ
ပုဆိုးပြာနဲ့လူ
က,သူက အရူး
ကြည့်သူက အအ
ဘဝက ရှုပ်ထွေး
ပေါက်ဈေးနဲ့ ခရီးဆက်
တပ်မက်တဲ့ မနက်ဖြန်
အဆံတွေ အောင်လွန်းတယ်
တကိုယ်စာ တက်တူးနဲ့
အရူးထ ဖြစ်တည်
ခေတ်မှီဆေးတွေ သောက်
ချစ်ကြည်ရေးတွေ ပျောက်
တစ်ယောက်တည်း သွေးကွဲ
ဉာဏ်မွဲက ချောက်ချ
ဘဝဆိုတာ ထူးနိုင်မှ
ဘဝဆိုတာ ရူးနိုင်မှ
ပြိုင်နေတဲ့ ကမ္ဘာ
ပြိုင်ပြီးရင်းပြိုင်ကြ
နိုင်ရင်လည်း သမိုင်း
ရှုံးရင်လည်း သမိုင်းဖြစ်
သမိုင်းချစ်သူတွေ
သမိုင်းဆရာရှေ့မှာရပ်
ဓာတ်ပုံတွေ တဖျပ်ဖျပ်
လက်ဇပ်-ကားနဲ့ သံလွင်ပင်
ခုတင်က တစ်ဂူတည်း
သူရဲခြောက်တဲ့ ည
ငါကလည်း ငါ
သူကလည်း ငါ
ငါ နှစ်ငါ ပွတ်တိုက်
ငါက မီးဖြစ်လိုက်
မီးက ငါဖြစ်လိုက်
မီးကြားမှာနေရင်း
မီးများကို မျိုချ
မီးကစားသူနဲ့ ဝေးရာ
မီးရှို့ပြီး ရှာကြ
ပြာချမယ့် မီး၊ ပြာကျတဲ့ မီး
အရည်ဖျော်တဲ့ မီး၊ အရည်ပျော်တဲ့ မီး
ရေသောက်မယ့် မီး၊ ရေကြောက်တဲ့ မီး
နေရောင်ရောက်ရင် နှင်းပျောက်သလို
ပညာရောက်ရင် မီးပျောက်မယ်
ကမ်းစပ်တစ်လျှောက်
ခရုကောက်-တဲ့
နျူတန်ရဲ့ညည်းသံ
ပျံဝဲနေတဲ့ကမ္ဘာ
ပုစ္ဆာက အနန္တ
အဖြေက မဆိုစလောက်
တစ်ယောက်လက် တစ်ယောက်ဆက်
အိပ်မက်တွေမက်
သံကွင်းတွေ ဆက်သလို
ဉာဏ်အလင်းတွေဆက်
ကွန်ယက်နဲ့ အဖြေရှာ
ကမ္ဘာကို အပြားခပ်
လူ့ဇာတ်က မှုန်ဝါးဝါး
တားမရတဲ့ အနိစ္စ
သိစိတ်က ဟန်မကျ
သံဝေဂလည်းမဖြစ်
ဉာဏ်ဆိုတာလည်းမဖြစ်
ပျော်စရာတွေပဲ ဖြစ်လိုက်ကြ။
ပစ်လိုက်တဲ့မြှား
ကြေးစားရင်စား
သံချေးစားရင်စား
ကြေးမစား သံချေးမစားတဲ့ ငါ
လမ်းကြားမှာ ခွေအိပ်
တံဆိပ်တွေ ခွာချ
အတိတ်တွေ ခွာချ
အရိပ်တွေ ခွာချ
ဘဝဟာ တွေ့ဖို့မဟုတ်
ဘဝဟာ မေ့ဖို့ ဟုတ်တယ်
အလေ့ကျနွယ်ပင်
သံယောဇဉ်တွေ ပေါက်
သံယောဇနိယတွေ ရောက်
ခြေထောက်က သံယောဇဉ်
ဆံပင်က ဖြာထွက်
ဘယ်လက်က ရသမျှယူ
ညာလက်က မပေး သူရှင်း
အကြွေးစာရင်းနဲ့ စားရဲသူ
အဟောင်းအမြင်းပဲ စားရသူ
ပြည်သူတွေ အမွေရ
ဘဝက နာကြည်းစရာ
အပရာပရိယ ဝေဒနိယ
သာသနာက မဖြစ်
ကတ္တားက အသစ်
ဘဝရဲ့အသံ
နံရံတွေကို ဖြတ်ကူးရင်း
ဂျင်း(gene)အသစ်နဲ့ ဟန်ကျ
ဂျင်းအသစ်နဲ့ ဟန်မကျ
ဘဝကို ရွှေ့ပြောင်း
အကြောင်းကြောင့် အကျိုးဖြစ်
အပြစ်အနာဆိုတာ ဒုက္ခ
အရှုပ်ထုပ်က ငါ
တဏှာက ဂေဟာဆောက်
တောခြောက်တဲ့ ည
တောမှောက်တဲ့ ည
ဦးဏှောက်မရှိတဲ့
ဇာတိနဲ့ ပါရိဟာရိက
ရင်ဘက်သာ ရှိသတဲ့
ရင်ဘက်က ပညာ
ငါ့ကိုယ်ငါ ပြဋ္ဌာန်း
အစွမ်းက ခုတ်မရတဲ့ဓား
တုံးနေတဲ့ဓား
တုံးနေတဲ့ဓားတစ်ချောင်း
ဓားသွေးကျောက်ကောင်းကောင်းလိုသလို
ဇာတိနဲ့ ပါရိဟာရိက
ငါ့ကို ကျမ်းစာတစ်အုပ်ပေးပါ
ဝိသုဒ္ဓိနတ်ရဲ့မဟာကရုဏာတော်နဲ့အတူ
သုတမယတွေပေးပါ
ရင်ဘက်နဲ့ဦးခေါင်း
လမ်းကြောင်းရှင်းထားမှ
ဇီဝကမ္မဟာ
ဘာဝနာပညာနဲ့
သူ့ကိုသူ ငြှိမ်းသတ်
လောကကို ငြှိမ်းသတ်
စကြာဝဠာကို တည့်မတ်ပေလိမ့်မယ်။ ။
......မှော်လိပ်ပြာ.......
(အကိုဂုရုရဲ့ ကဗျာပါ။)